Thursday, January 31, 2013

ဟော့ပေါ့ပူပူလေးစားကြပါအုံးနော် ..... :)

ဆူမို ဆိုတဲ့ ကျနော် နာမည်နဲ့လိုက်အောင် စားတယ်နော်..... မော်လမြိုင်အစားဆိုတဲ့စကား ကျနော်နဲ့ တွေ့မှ မန်းလေး အစားလို့ ပြောင်းရမယ်ထင်တယ် :) ..... ဆူမိုတို့ မန်းလေးမှာ စားစရာတွေ တော်တော်များတယ်.... ဒီတစ်ခါ ဆူမိုစားဖြစ်တာ မန်းလေး ၃၅ လမ်း နဲ့ ၆၂×၆၃ ကြားက အင်ကြင်းဆိုတဲ့ ဟော့ပေါ့ဆိုင်မှာပါ..... မန်းလေး က ဟော့ပေါ့ဆိုင်တွေအများကြီးထဲမှာမှ ဆူမို အကြိုက်ဆုံး ဆိုင်လေးပေါ့.....
အပြင်အဆင်ကတော့ တခြား ဆိုင်တွေလို ဟိတ်ဟန်မရှိ အဲကွန်း မရှိ မို့လို့ အစားအသောက်တော့ မကောင်းဘူးမထင်နဲ့.....

 ပုံမှာမြင်ရတာတော့ အဲဒီထဲကို ကြက်သားပြား... ဝက်သားလုံး... ငါးဖယ်လုံး... ငါးနံနံ... ကန်စွန်းဥ... ပိန်းဥ... ကြာစွယ်... ပဲရွက်.... မုန်ညင်းစိမ်း... ပဲပြားမျှင်တို့ ထည့်ပြီး ပွက်အောင်တည်နေတာပါ..... (တစ်မျိုးစီရဲ့ ပုံကို မရိုက်ဖြစ်ခဲ့တာကို တော့ ဆူမို့ကို ခွင့်လွှတ်ကြပါနော်...(ကျနော် ဗိုက်အရမ်းဆာနေတော့ ဓာတ်ပုံလေးတွေ အများကြီး ရိုက်မလာခဲ့ရဘူး :P )

အဲဒီဆိုင်က ဖက်ထုပ်ကြော်က တော့ ဆူမို အကြိုက်ဆုံးပဲ.... အင်းကြင်းဟော့ပေါ့ကို ရောက်ရင် ဖက်ထုပ်ကြော်လေး စားရင် ဟော့ပေါ့ ပွက်လာတာကို စောင့်ရတာကို က အရသာတစ်မျိုးပဲလေ.... ဝက်သားလုံး ကလည်း တခြားဆိုင်တွေလို ဝက်သားလုံး ဂျုံနယ် မဟုတ်ဘူး... ဝက်သားကို သေချာ ဓားနဲ့ ပေါက်ပြီး လုံးထားတာ စားလို့ ကောင်းမှကောင်း... ပုစွန်ကွေး ငါးနွေးဆိုတဲ့ အတိုင်း ပဲ ငါးမြင်းသားလေးကိုတော့ ဟော့ပါ့အိုး ပွက်လို့ စားနေရင်းနဲ့မှ တစ်ဖတ်ခြင်း ထည့်ပြီး စားရတာကိုက စိမ့်နေအောင် ကောင်းတာမလား.... ပဲပြားမျှင်လေးကို အချဉ်လေး တို့စားလိုက် အရွက်လေးတွေစားလိုက် ပြီးတော့ အချဉ်က စားရင်း နည်းနည်း စပ်လာတော့ ကန်စွန်းဥလေးဝါးလိုက်တော့ ချိုသွားပြန်ရော.... ဟင်းရည်လေး သောက်လိုက်တော့ ပူပူလေးနဲ့ ရှလွတ်ရှလွတ်...... စားရင်းသောက်ရင်း ဟင်းရည်လိုရင် ဟင်းရည်လေး ထပ်ဖြည့်ကြတာပေါ့.... ဆူမိုကတော့ ဟင်းရည်ထပ်ဖြည့်လည်း နည်းနည်းပဲဖြည့်တယ်.... ဘာလို့ဆို... ဟင်းရည်ဆိုတာမျိုးက အရည်ကျလေ သောက်လို့ အရသာကောင်းလေမလား.... :) ..... ငုံးဥလေးနဲ့ ငါးနံနံကိုလည်း ချန်ထားခဲ့လို့မရဘူး.... စိမ့်စိမ့်ချိုချိုလေးနဲ့ ငါးနံနံမှာ နံနံပင်လေးပါတော့ မွှေးကလည်း မွှေးမွှေးလေးဆိုတော့ စားရတာလွှတ်ကောင်း..... စားရတာကောင်းလွန်းတော့ စားပြီးရင်းစားချင်.... အစာအိမ်ကလည်း ကန့်သတ်ချက်လေးနဲ့ဆိုတော့ ဗိုက်ပြည့်ကြောင်းဦးနှောက်ကို အချက်ပြလာတာနဲ့ ဆူမို က အစားပိတ်လေး စားတတ်တဲ့ အကျင့်ရှိတယ်.... အင်းကြင်းဟော့ပေါ့မှာ ဆိုရင်တော့ ဆူမိုက ကြာဇံပြုတ်အလွတ်လေးကို အချဉ်ရည်လေးနဲ့ နယ်စားရင်း အရည်ကျလာတဲ့ ဟော့ပေါ့ရည်လေးကို သောက်ရင်း ဗိုက်ပြည့်ကားလာတဲ့ အရသာ ကို ခံစားတတ်တယ်လေ.....
(အခုတော့ ရေးရင်းနဲ့ စားချင်လာလို့ ဘေးမှာရှိတဲ့ water cooler ကရေကိုပဲ တစ်ခွက်ပြီး တစ်ခွက်သောက်နေမိတော့တယ်....)
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်းဆုတောင်းလိုက်ပါတယ်နော်....

Tuesday, January 22, 2013

ပွဲစားမှသည် တစ်ပွဲစားပြီ


ဒီနေ့ခောတ်မှာ ငွေရှာရတာ ပိုခက်လာတယ်လို့ လူတွေကပြောကြတယ်..... ဒါတော့ သေချာမသိဘူး.... ဘာကြောင့်ဆို ဆူမို ဆိုတဲ့ ကျနော်က ခုမှ ၂၀ ကျော်လေးရှိသေးတာကိုး...... ဆူမို မြင်တာကတော့ အိမ်ခြံမြေပွဲစားတော်တော်များများကတော့ ငွေနောက်ကိုလိုက်လို့ ပွဲစားရဲ့ ကျင့်ဝတ်တွေ ပွဲစားတွေရဲ့ သိက္ခာတွေမရှိကြတော့ဘူး.... ( တကယ်သိက္ခာရှိတဲ့ အိမ်ခြံမြေပွဲစားတွေကိုတော့ တောင်းပန်ပါတယ်.....) တခောတ် တခါကဆိုရင် ပွဲစားကြီးတို့ ပွဲကတော်ကြီးတို့ဆိုတာ တကယ့်ကို မျက်နှာကြီး ပိုက်ဆံချမ်းသာပြီး သိက္ခာရှိကြတဲ့သူတွေမလား လူတွေကလည်း အထင်ကြီးလေးစား ပွဲစားကြီး ကြွလာတယ် ပွဲကတော်ကြီး ကြွလာပြီလို့ကို သုံးနှုန်းကြတဲ့အထိ လူတွေက အလေးပေးဆက်ဆံလို့ အလှူတွေမှာဆိုလည်း ပွဲစားကြီး ဘယ်သူ ပွဲကတော်ကြီး ဘယ်သူဆိုပြီး ဂုဏ်ယူဝံ့ကြွားစွာတပ်လို့ ပွဲစားဆိုတဲ့ ဂုဏ်ကို ယူခဲ့ကြရတာကနေ..... ခုများတော့.... ပွဲစားလို့ဆိုလိုက်ရင် နှာခေါင်းရှုံ့သူကရှုံ့..... ဟာ ပါးစပ်ကလေးနဲ့လုပ်စားနေတဲ့သူတွေပါလို့ ဆိုသူကဆို..... အထင်သေးအမြင်သေးသူတွေကသာပိုများလာကြတယ်မလား...... ရှေ့မှာတော့ မဘယ်သူ ကိုဘယ်သူပေါ့.... အယ် နောက်ကွယ်လည်း ရောက်ရော.... ဒီကောင်မ က ဖျံမကြီးပါတို့ ဒီကောင်ကတော့ ဖျံဘဲကြီးပါတို့ဆိုပြီး အတင်းနှပ်ခံကြရတယ်..... 
ဘာကြောင့် ဒီ ဆယ်စုနှစ်အတွင်း လူတွေရဲ့အမြင်ဒီလောက်ပြောင်းလဲသွားရတာလဲ..... ဟုတ်ကဲ့ အဖြေကတော့ တစ်ခွန်းတည်းပါ..... 
ဥပဒေ မရှိသော်လည်း..... ပွဲစားတို့ စောင့်ထိန်းရတဲ့ ကျင့်ဝတ်သိက္ခာတွေ လိုက်နာရမဲ့ ကျင့်ဝတ်သိက္ခာတွေကို စွန့်လို့ ငွေရပေါက်ဆိုတဲ့ ဂွင်ကိုပဲရှာပြီး ဖျံကျတဲ့ပွဲစားတွေ များလာလို့ပါ..... ပွဲညွှန့်တင်တယ်.... လို့တော့ စာဖတ်သူတို့ ကြားဖူးကြမှာပါ.... ရောင်းတဲ့သူက ပွဲစားကို ဘယ်လောက်ရရင်ရောင်းမယ်လို့ပြောထားတယ်.... ပွဲစားက ဝယ်လက်ကို ရှာပေးတယ်...... ရောင်းသူက ၁၀၀ ဆိုထားတယ်....ပွဲစားက ၂၀၀လောက်ပြောပြီး ဝယ်သူက ၁၅၀နဲ့ ဆစ်တယ်.... အဲဒီမှာ ပွဲတည့်ပြီးပေါ့ဗျာ.... ရောင်းသူကိုတော့ ပွဲစားက ၁၀၀ပဲပေးပြီး ဝယ်လက်ဆီက ၁၅၀ယူလိုက်တယ်...... ၅၀ က ပွဲစားရသွားတယ်...... အဲ ပွဲညွှန့်တင်တာကို လက်မခံတဲ့ ရောင်းသူနဲ့ တွေ့ရင်တော့ ပွဲပျက်တာပေါ့ခင်ဗျာ..... ဒါမှမဟုတ် ရောင်းသူက ပွဲစားကိုယုံလို့ လွှဲထားလိုက်မိရင်တော့ ရောင်းသူနာတာပေါ့ခင်ဗျာ(တစ်ချို့ပွဲစားတွေဆိုရင် ရောင်းသူရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ပွဲညွန့်တင်မက ပွဲခပါ ထပ်ယူတတ်ကြသေးဗျာ )..... တစ်ချို့ရောင်းသူတွေကတော့ ပွဲညွန့်ပေးစားတယ်..... ပွဲစားကလည်း ရောင်းသူကို သူပွဲညွှန့်ဘယ်လောက်ယူတယ်ပြောတယ်.... ဒါဆိုရင် အိုကေ.... လက်လွဲရောင်းတယ်.... ဂွင်ရှာတယ်.... ဂွင်ဖန်တယ် ဂွင်တည့်တယ်.... ပွဲစားစကားတွေပေါ့..... ကိုယ်တွေ့ခံထားရတဲ့ ပူပူနွေးနွေး အဖြစ်လေးကို ပြောပြအုံးမယ်..... တစ်ပွဲစားတွေအကြောင်း..... 

စာဖတ်သူအပေါင်း ကျန်းမာချမ်းသာပြီး လိုရာဆန္ဓပြည့်ဝကြပါစေ
စာရေးသူ - ဆူမို

Wednesday, January 16, 2013

ရင်နင့်နှင်းဆီ

ရင်နဲ့ မဆံ့တော့တဲ့ ချစ်ခြင်း.....
တရားလွန်တဲ့ ပေးဆပ်ခြင်း....
နည်းပါးလွန်းတဲ့ ပိုင်ဆိုင်ခြင်း....
နှလုံးသားလေး ကြေကွဲရင်း....
မျက်ရည်တွေနဲ့ အေးစက်နေပြီ....
ကျေးဇူးပြုပြီး
တချက်လောက်လှည့်ကြည့်
မင်းကုစားပေးလှည့်ပါ......

ရင်နင့်နှင်းဆီ

Tuesday, January 1, 2013

Like a Boss

"ဆူမို" တစ်ယောက် "ပွကြီး" အိမ်ကို အလည်သွားပြီး ပြန်လာကတည်းက ကြက်တူရွေးတစ်ကောင်လိုချင်နေခဲ့တယ်..... လိုချင်ဆို "ပွကြီး" အိမ်က ကြက်တူရွေးက လူတွေပြောသမျှလိုက်ပြောတတ်တာကိုး..... ဒါနဲ့ "ဆူမို"လည်း စကားပြောတတ်တဲ့ ကြက်တူရွေးတစ်ကောင်လောက်တော့ ပိုင်ချင်လာတယ်.....
ဒါနဲ့ pet shop ကို ကြက်တူရွေး ဝယ်ဖို့ ထွက်လာခဲ့တယ်..... ဆိုင်ရောက်တော့ တွေ့ပါပြီး ကြက်တူရွေးလေးတွေ..... အဝါရယ် အစိမ်းရယ် အနီရယ် ၃ ကောင်ပေါ့.... ဒါနဲ့ အဝါလေး ယူမယ်ဆိုပြီး အရောင်းဝန်ထမ်း ကောင်မလေးကို ဈေးမေးတာပေါ့.....
"ဆူမို" : ညီမ ဒီ အဝါကြက်တူရွေးလေး ဘယ်လောက်လဲ....
"အရောင်းဝန်ထမ်း " : ဆယ်သိန်း ပါ.....
"ဆူမို" မျက်လုံးပြူးသွားတယ်..... ဘာကြောင့်ဒီလောက်ဈေးကြီးသလဲပေါ့.....
"ဆူမို" : ဈေးကြီးလိုက်တာ ဘာလို့ပါလိမ့်
အရောင်းဝန်ထမ်းကောင်မလေးက ပြန်ဖြေပါတယ်..... "ဒီ အဝါကောင်လေးက နှယ်နှယ်ရရမဟုတ်ဘူး..... စာရိုက်တတ်တယ်...... တကယ်ကို မြန်မြန်ရိုက်နိုင်တယ်....." 
အော် ဒါကြောင့်ကိုး..... အဲဒါဆို အစိမ်းလေးကတော့ အရောင်က ပုံမှန်ပဲ..... ဒီကောင်လေးပဲယူတော့မယ်ဆိုတဲ့ အတွေးနဲ့ "ဒီအစိမ်းကောင်လေးကရော ညီမ" လို့မေးလိုက်တော့ တစ်ဆယ့်ငါးသိန်း တဲ့..... ခုနကမှ မျက်လုံးက ပြူးယုံပြူးတာ အခုလူက ပါ နောက်လန်ကျတော့မလို့..... အရောင်းဝန်ထမ်းကောင်မလေးကလည်း လျင်ပါတယ်..... ချက်ချင်း မမေးရသေးဘဲကို ပြန်ဖြေတာ..... "ဒီအစိမ်းကောင်လေးက အဝါကောင်လေးလုပ်တာကို လုပ်နိုင်တဲ့အပြင် ဖုန်းအဝင်အထွက်ပါဖြေကြားပေးနိုင်တယ်....." အော်..... ဒါကြောင့်ကိုး...... ပြန်ဖြေတွေးလိုက်ပြီး... ဒါဆိုရင်တော့ အနီကောင်လေးပဲယူမှနဲ့ တူတယ်..... သူ့ကြည့်ရတာ တော့ ဘာမှလုပ်တတ်ပုံမပေါ်ပါဘူးပေါ့..... ဒါနဲ့ ညီမရယ် "အဲဒါဆိုရင်တော့ အနီရောင် ကြက်တူရွေးလေးပဲဝယ်ပါတော့မယ်....." ဆိုတော့.... အရောင်းဝန်ထမ်းကောင်မလေးက "ဒီအနီကောင်လေးက တော့ သိန်းသုံးဆယ်ပါ"တဲ့..... ဒီတစ်ခါတော့ ဆူမို ဒေါသထွက်သွားတယ်.... 
ဘယ်နှယ့် တစ်ကောင်ထက်တစ်ကောင်ပိုပိုပြီး ဈေးကြီးနေရသလဲ ဒီကောင်ကရော ဘာတွေ လုပ်တတ်နေလို့လဲလို့ မေးလိုက်တယ်..... အရောင်းဝန်ထမ်းကောင်မလေးက ပြန်ပြီး ရည်မွန်စွာဖြေပါတယ်.... "ကျမလည်း သေချာတော့ မသိဘူးရှင့်.... ဒီအနီကောင်လေးက ဘာမှလုပ်တာတော့ မတွေ့ဘူး..... တစ်ခုပဲ..... အဝါကောင်လေးနဲ့ အစိမ်းကောင်လေးက တော့ သူ့ကို ဘောစ့်လို့အမြဲခေါ်ပါတယ်...." တဲ့..... 
( အွန်လိုင်းပေါ်မှာ အင်္ဂလိပ်လို ဖတ်ဖူးတဲ့ ဟာသလေးကို မြန်မာမှုပြုကြည့်ထားတာပါ..... :D )

တွဲလက်တော့မြဲစေနော်

ဘာလိုလိုနဲ့ နောက်နှစ်သစ်တစ်ခုကိုတောင်ကူးပြောင်းလာခဲ့ပြီ..... ၈ နှစ်ဆိုတဲ့ အချိန်ကာလက ကြာသလိုလိုနဲ့ တကယ်တမ်းဖြတ်သန်းရတဲ့ အခါ ခနလေးပါပဲချစ်သူ..... ကိုယ်အတိတ်ကို ပြန်တွေးတော့ တချို့ကိစ္စတွေ ကို ခပ်ဝါးဝါး..... တချို့ကိစ္စတွေကို ခပ်ဖျော့ဖျော့ ပဲ မှတ်မိတော့ပေမဲ့......  ကိုယ်တို့ နှစ်ဦး တွေ့ဆုံခဲ့ရပုံကတော့ မနေ့တနေ့က လိုပဲ ရင်ထဲမှာ မှတ်မိနေတုန်းပါ..... ပါဝါမျက်မှန်အောက်က စူးလက်တဲ့ မျက်ဝန်းတစ်စုံကို ရင်ခုန်ရစ်မူးမိခြင်းက ကိုယ့်ဘဝအတွက် အချစ်ရဲ့ အလှည့်အပြောင်းတစ်ခုပေါ့...... မဉ္ဇူဆိုတာ မင်းလားလို့ မေးလိုက်တဲ့ကိုယ့်ကို ဘာလဲ ကြောင်လိုက်တာဆိုတဲ့ အထာနဲ့ မင်း လှမ်းကြည့်ခဲ့တာကို စိတ်မဆိုးနိုင်ဘဲ ကျေနပ်သွားမိတဲ့ ကိုယ့်ကိုကိုယ်အံသြမိတယ်..... ဒီလိုနဲ့ ကိုယ်မင်းကို စိတ်ဝင်စားမှု ရေချိန်မြင့်တက်လာခဲ့တော့ မင်းနားကပ်ခွင့်ရဖို့ကြိုးစားခဲ့ရတယ်...... ကိုယ့်ကြိုးစားမှုတွေက အရာထင်ခဲ့ပါတယ်..... နောက်ဆုံးချစ်တယ်လို့ ဖွင့်ပြောတဲ့ အချိန် မင်းပြန်ဖြေခဲ့တဲ့ အဖြေနဲ့ မင်းရဲ့ ခေါင်းလေးကို အသာညိမ့်ပြတာကို မြင်လိုက် ကြားလိုက်ရတဲ့ ခန ကိုယ်အရမ်းပျော်ခဲ့ရတယ်..... ကိုယ့်ရဲ့ ချစ်ဦးသူကို မေ့နိုင်လောက်အောင် မင်းက ကိုယ့်အပေါ်ကို လွှမ်းမိုးနိုင်ခဲ့တယ်..... ကြေကွဲနေတဲ့ ကိုယ့်နှလုံးသားက မင်းကြောင့်သာ အသစ်တစ်ဖန် ပြန်ပြီးလန်းဆန်းလာနိုင်ခဲ့တယ်..... ကိုယ်က အကြွင်းမဲ့ အားလုံးကောင်းနေသူတော့မဟုတ်ခဲ့ဘူးနော်...... မင်းနဲ့ ဝေးနေရတဲ့ အချိန်တွေမှာ ရည်စားတွေထပ်ထားခဲ့တယ်.... ဒါတွေအားလုံးကို မင်းခွင့်လွှတ်ပေးခဲ့တယ်နော်...... အဲဒီအတွက်လည်း မင်းကို ကျေးဇူးတင်ပါတယ် ချစ်သူ..... ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်ခရီးလမ်းက မဖြောင့်ဖြူးခဲ့ပေမဲ့..... ကိုယ်တို့ရဲ့တွဲလက်တွေတော့မြဲနိုင်ခဲ့တယ်နော်...... ကိုယ်တို့ ချစ်ခြင်းတွေရဲ့နောက်မှာ မနီးစပ်နိုင်ခြင်းများစွာ ရှိနေခဲ့ပေမဲ့..... ကိုယ့်အတွက် မင်းအပြုံးမပျက် တွဲလက်မဖြုတ်ခဲ့တာ ကိုယ့်ကို မင်းသိပ်ချစ်လို့ပေါ့နော်..... ကိုယ်မင်းကို နှစ်သစ်မှာ ကတိသစ်ထပ်ပေးမယ်..... ကိုယ်မင်းကို တစ်ဘဝလုံးချစ်မြတ်နိုးသွားပါ့မယ်.... မင်းစိတ်ချမ်းသာအောင် အမြဲထားမယ်...... ကိုယ်ကတိတည်ဖို့အတွက် ကိုယ်တို့ တွဲလက်တွေ မြဲဖို့တော့လိုတာပေါ့ချစ်သူ......

Monday, December 31, 2012

ဘာကြောင့်များလဲကွယ်.....


တခါတုန်းက.... မင်းအကြည့် တစ်ချက်နဲ့ တင် အရာရာ ငါ့ဘဝဖြစ်ခဲ့တယ်....
တခါတုန်းက.... မင်းအပြော တစ်ခွန်းနဲ့တင် အရာရာ ငါ ဖန်တီးခဲ့တယ်.....
တခါတုန်းက.... မင်းအပြုံး တစ်ခုနဲ့တင် ငါသေလို့ ရခဲ့တယ်....
ဒီလိုနဲ့.... ဘဝအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့.....
ငါ့နားကနေ ဟိုးအဝေးကြီးကို မင်းရောက်သွားတဲ့အခါ....
မင်းကတော့..... 
တခါတုန်းက.... ငါ့နေရာကို တခြားတစ်ယောက် ကို အစားသွင်းလို့....
တခါတုန်းက.... ငါ့ကို ကြည့်တဲ့ အကြည့်တွေနဲ့ သူ့ကိုကြည့်လို့.....
တခါတုန်းက.... ငါ့ကို ပြုံးပြတဲ့ အပြုံးတွေနဲ့ သူနဲ့ ကြည်နူးလို့.....
အရာရာကို ငါတတ်နိုင်သလောက် နားလည်ပေးခဲ့ပါတယ်.....
ခွင့်လွှတ်နိုင်သလောက် ခွင့်လွှတ်ပေးခဲ့ပါတယ်....
ငါ့အတွက် မင်းရင်ခွင်မှာ.... တစ်နေရာရှိအုံးမလားဆိုတဲ့.....
မသေချာ မရေရာတဲ့ မျှော်လင့်ချက်လေးတွေနဲ့.....
ငါ့ရင်ကို မင်းအတွက် အမြဲ တခါးဖွင့်ပေးခဲ့တယ်.....
မင်းများပြန်လာအုံးမလားဆိုတဲ့ အတွေးတစ်ခုနဲ့ပေါ့....
အခုတော့.... ငါသိမ်းထားတဲ့ မင်းနေရာမှာ.....
နေချင်သူတွေကို ငါ ခေါင်းခါရတာမောလှပါပြီ......
ငါလည်း.... ငါ့အပေါ်မှာ နားလည်ပေးနိုင်တဲ့ ရင်ခွင်တစ်ခုမှာ ခိုနားချင်တာပေါ့.....
တခါတုန်းက.... တို့နှစ်ယောက် ချစ်ခဲ့ခြင်းက အဆုံးသတ်မလှခဲ့တဲ့ ပုံပြင်တစ်ပုဒ်လား အချစ်ရယ်....